Amazon တည်ထောင်သူ Jeff Bezos လီဗာပူးလ်အသင်း၏ အစုရှယ်ယာ ကို ဝယ်ယူရန် နီးစပ်နေပြီဖြစ်သည်။
- Amazon တည်ထောင်သူ Jeff Bezos နှင့် Facebook ပူးတွဲတည်ထောင်သူ Eduardo Saverin တို့ပါဝင်သော အဖွဲ့သည် လီဗာပူးလ်အသင်း၏ အစုရှယ်ယာ ၃ပုံ ၁ပုံခန့် (၃၀ ရာခိုင်နှုန်း) ကို ဝယ်ယူရန် နီးစပ်နေပြီဖြစ်သည်။
- အဆိုပါ ဝယ်ယူမှုအရ လီဗာပူးလ်အသင်း၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၅.၉ ဘီလီယံ (စတာလင်ပေါင် ၄.၄ ဘီလီယံ) ခန့်အထိ ရှိလာမည်ဖြစ်ပြီး ဘောလုံးလောကတွင် တန်ဖိုးအမြင့်ဆုံး အရောင်းအဝယ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
သံမဏိလုပ်ငန်းရှင်ကြီး Lakshmi Mittal ၏ သမက်ဖြစ်သူ Amit Bhatia ဦးဆောင်သော ရင်းနှီးမြှုပ်နှံသူများအဖွဲ့သည် လီဗာပူးလ်အသင်းကို ပိုင်ဆိုင်သည့် Fenway Sports Group (FSG) နှင့် သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်း Sky News နှင့် နိုင်ငံတကာ သတင်းဌာနများက တနင်္လာနေ့ (သြဂုတ်လ ၁၀ ရက်) တွင် ဖော်ပြခဲ့ကြသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမည့် အဖွဲ့ထဲတွင် Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ် (Jeff Bezos) နှင့် Facebook ပူးတွဲတည်ထောင်သူ Eduardo Saverin တို့လည်း ပါဝင်နေသည်။
ယခု အရောင်းအဝယ်သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း၌ပင် FSG ဘက်မှ တရားဝင် ကြေညာဖွယ်ရှိနေသည်ဟု သိရသည်။ FSG သည် လီဗာပူးလ်အသင်းကို ၂၀၁၀ ခုနှစ်ကတည်းက ဝယ်ယူပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအရောင်းအဝယ် ဖြစ်မြောက်ပါက အသင်း၏တန်ဖိုးမှာ FSG ပိုင်ဆိုင်သည့် ၁၆ နှစ်တာကာလအတွင်း အဆမတန် မြင့်တက်လာကြောင်းကို သက်သေပြနေမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သော လီဗာပူးလ်အသင်းသည် လက်ရှိတွင် နည်းပြ Arne Slot နှင့် အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလာ (Mohamed Salah) တို့ ထွက်ခွာသွားခဲ့ပြီးနောက် အပြောင်းအလဲကာလတစ်ခုကို ဖြတ်သန်းနေရချိန်လည်း ဖြစ်သည်။ ထို့ပြင် အသင်းကို အောင်မြင်မှုများစွာ ရယူပေးခဲ့သော အမှုဆောင်အရာရှိချုပ် Michael Edwards သည်လည်း ပြီးခဲ့သည့် ဇူလိုင်လကတည်းက ရာထူးမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ယခုကဲ့သို့ အစုရှယ်ယာ သုံးပုံတစ်ပုံခန့်ကို ရောင်းချလိုက်သော်လည်း FSG အနေဖြင့် အသင်း၏ အဓိက ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စွမ်းရှိသည့် အများစုရှယ်ယာ (Majority Control) ကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ယခုသတင်းများနှင့် ပတ်သက်၍ လီဗာပူးလ်အသင်းနှင့် FSG ဘက်မှ ချက်ချင်း မှတ်ချက်ပေး တုံ့ပြန်ထားခြင်း မရှိသေးပေ။