တောင်ကိုရီးယားတွင် နည်းပြခန့်အပ်မှုအတွက် ရဲတပ်ဖွဲ့မှ ဘောလုံးအဖွဲ့ချုပ်ကို စုံစမ်းစစ်ဆေး
ဆိုးလ် -တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် (KFA) ၏ စိတ်ပျက်ဖွယ်ကောင်းခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နည်းပြခန့်အပ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများထဲမှ တစ်စိတ်တစ်ပိုင်းအဖြစ် ရဲတပ်ဖွဲ့က ကြာသပတေးနေ့ (ဩဂုတ် ၆ ရက်) တွင် ဝင်ရောက်စီးနင်းခဲ့သည်။
ရဲတပ်ဖွဲ့သည် နည်းပြဟောင်း ဟုန်းမြောင်ဘိုကို ခန့်အပ်ရာတွင် "လုပ်ငန်းစဉ်များအပေါ် နှောင့်ယှက်ဟန့်တားမှု" စွပ်စွဲချက်များကို စုံစမ်းရန် KFA ရုံးချုပ်၌ "ဝင်ရောက်ရှာဖွေ သိမ်းဆည်းမှုများ" ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက AFP သို့ ပြောကြားခဲ့သည်။
အသက် ၅၇ နှစ်အရွယ် ဟုန်းမြောင်ဘိုသည် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့တွင် ကျင်းပသည့် အသင်း ၄၈ သင်းပါ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုအဆင့်၌ တောင်အာဖရိကကို ၁ - ၀ ဖြင့် မမျှော်လင့်ဘဲ ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ဇွန်လအတွင်း ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ဟုန်းမြောင်ဘိုကို ၂၀၂၄ ခုနှစ်က နည်းပြအဖြစ် ခန့်အပ်ခဲ့စဉ်ကတည်းက KFA အပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သော်လည်း အသင်းအနေဖြင့် အဆင့် ၃၂ နောက် အဆင့်သို့ မတက်လှမ်းနိုင်ခဲ့သည့် နောက်ပိုင်း စောင့်ကြည့်စစ်ဆေးမှုများ ပိုမိုပြင်းထန်လာခဲ့သည်။
ဆိုးလ် ရဲတပ်ဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ဇာတ်ကြောင်းလိုက် အရာရှိများသည် "ဟုန်းမြောင်ဘို ခန့်အပ်မှုအတွင်း လုပ်ငန်းစဉ်ဆိုင်ရာ တားဆီးနှောင့်ယှက်မှုများ ရှိမရှိ လေ့လာစုံစမ်းလျက်ရှိကြောင်း" ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သို့ ပြောသည်။
ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ KFA ထိပ်ပိုင်းတာဝန်ရှိသူများက အဖွဲ့အစည်း၏ အတွင်းစည်းမျဉ်းများကို ချိုးဖောက်ပြီး ဟုန်းမြောင်ဘို ခန့်အပ်မှုတွင် မလျော်ကန်သော စွက်ဖက်မှုများ ပြုလုပ်ခဲ့ခြင်း ရှိမရှိ အာဏာပိုင်များသည် စုံစမ်းနေကြခြင်း ဖြစ်သည်။
တောင်ကိုရီးယား မီဒီယာများက ၂၀၂၆ ကမ္ဘာ့ဖလားအသင်းကို "ရွှေရောင်မျိုးဆက်" ဟု တင်စားခဲ့ကြပြီး တော့တင်ဟမ် ဟော့စပါ ကြယ်ပွင့်ဟောင်း ဆွန်းဟောင်မင်း၊ ဘိုင်ယန်မြူးနစ် နောက်ခံလူ ကင်မင်းဂျေးနှင့် ပီအက်စ်ဂျီ ကွင်းလယ်လူဟောင်း လီဂန်းအင်းတို့ ပါဝင်ထားကျသည့် အသင်းအပေါ် မျှော်လင့်ချက် ကြီးမားခဲ့ကြသည်။
ဇူလိုင်လကုန်ပိုင်းတွင် ဟုန်းမြောင်ဘိုအား လွှတ်တော်ကော်မတီ ရှေ့မှောက်သို့ ဆင့်ခေါ်ခဲ့ပြီး စွမ်းဆောင်ရည် ညံ့ဖျင်းမှုအတွက် "တာဝန်အပြည့်အဝယူကြောင်း" ပြောကြားခဲ့သည်။
သမ္မတ လီဂျေမြောင်က လွှတ်တော်မိန့်ခွန်းတစ်ခုတွင် အားကစားလောက၏ ထိပ်ပိုင်းခေါင်းဆောင်မှု ခန့်အပ်မှုများ၌ "သစ္စာစောင့်သိမှုနှင့် ဂိုဏ်းဂဏဝါဒ" လွှမ်းမိုးနေမှုကို ရည်ညွှန်းပြီး ယခုကဲ့သို့ ကျရှုံးရခြင်းမှာ ခေါင်းဆောင်ပိုင်း၌ "အရည်အချင်းမရှိသူများ" နေရာရနေခြင်းကြောင့်ဟု အပြစ်တင်ပြောဆိုခဲ့သည်။
AFP က ဆက်သွယ်မေးမြန်းသည့်အခါ KFA က တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုင်းခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အဆုံးအဖြတ် တောင်အာဖရိကနှင့် ပွဲစဉ်တွင် ဆွန်းဟောင်မင်းကို ပထမပိုင်း၌ အရန်ခုံတွင် ထိုင်ခိုင်းခဲ့သည့် ဟုန်းမြောင်ဘို၏ ဆုံးဖြတ်ချက်သည် ပရိသတ်အများအပြားကို ဇဝေဇဝါဖြစ်စေခဲ့ပြီး ဒေါသထွက်စေခဲ့သည်။
ဇွန်လတွင် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်လာသည့် ဟုန်းမြောင်ဘိုကို တောင်ကိုရီးယား ပရိသတ်များက လေဆိပ်၌ "ဟုန်း မြောင်ဘို ထွက်သွား!" ဟု ကြွေးကြော် လှောင်ပြောင်ခဲ့ကြပြီး သူ့နောက်မှ ထွက်ခွာလာသည့် ကစားသမားများကိုမူ လက်ခုပ်ဩဘာပေးခဲ့ကြသည်။
ဟုန်းမြောင်ဘိုက သူကိုယ်တိုင်လည်း ဘာတွေလွဲမှားသွားခဲ့သည်ကို နားလည်ရန် ရုန်းကန်နေရကြောင်း ဝန်ခံခဲ့သည်။
လွန်ခဲ့သည့်လ လွှတ်တော်ကြားနာပွဲတွင် လွှတ်တော်အမတ်များက ဟုန်းမြောင်ဘိုသည် ဝမ် ၃.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ သန်း) အထိ လစာရရှိခဲ့သည်ဟူသော စွပ်စွဲချက်များကို မေးမြန်းခဲ့ကြသည်။ ထိုပမာဏသည် အမျိုးသားအသင်း နည်းပြများထဲတွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။
ဟုန်းမြောင်ဘိုက ထိုပမာဏမှာ မှားယွင်းနေကြောင်း ထိုစဉ်က ပြောကြားခဲ့သော်လည်း မှန်ကန်သော ပမာဏကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။
Source: AFP/ec
